Loading...
Loading...

လာမယ့်ဘဏ္ဍာနှစ်မှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ သုံးငွေ ဘီလီယံ ၂၆၀ ကျော်ရှိ

အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ အသုံးပြုငွေ ဘီလီယံ ၂၆၀ ကျော်ဓာတ်ပုံ မူပိုင်THIERRY FALISE/GETTY IMAGE
Image captionအရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ အသုံးပြုငွေ ဘီလီယံ ၂၆၀ ကျော်

လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံပိုင်လုပ်ငန်းတွေထဲက အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ အတွက် အသုံးပြုရတဲ့ ငွေပမာဏဟာ ကျပ်ငွေ ၂၆၀ ဘီလီယံကျော် ရှိတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

NLD အစိုးရ တက်လာပြီး အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တာတွေ ရှိပေမယ့် အခုလက်ရှိ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေက စက်မှုဝန်ကြီးဌာန လက်အောက်က စက်ရုံတွေဖြစ်ပြီး ပို့ဆောင် ဆက်သွယ်ရေးနဲ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနအောက်က လုပ်ငန်းတွေမှာလည်း အရှုံးပေါ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထွဋ်က ” ဒီဝန်ထမ်းစရိတ်တွေရှိတယ်။ ပင်စင်လစာတွေရှိတယ် ကျန်တဲ့ပြုပြင်ထိန်းသိမ်းစရိတ်တွေရှိတယ်။ အဲဒါတွေက အမြဲတန်းတော့ အရှုံးပေါ်နေတာပဲ။ အရင်က ကုန်ထုတ်ခဲ့တဲ့ ကုန်ချောလက်ကျန်တွေတော့ ရှိတယ်။ အဲကုန်ချောလက်ကျန်တွေကို သူတို့ရောင်းနေတယ်။ ကျန်တဲ့စရိတ်တွေကတော့ နိုင်ငံတော် ဘဏ္ဍာထဲက စိုက်ထုတ်နေရတာပေါ့ ” လို့ပြောပါတယ်။

အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကဆီကို ပြောင်းလဲဖို့ အစိုးရက ဖိတ်ခေါ်ခဲ့ပေမယ့် စိတ်ဝင်စားမှု နည်းတဲ့အတွက် အခုချိန်အထိ အစိုးရက စရိတ်တွေ ထုတ်ပေးနေရတာ ဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာနအောက်မှာရှိတဲ့ နိုင်ငံပိုင်စက်ရုံတွေ တည်ရှိနေတဲ့ နေရာတွေဟာ ကုန်ပစ္စည်းထုတ်လုပ် ရောင်းချဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် စက်ရုံက ထွက်ရှိမယ့် ပစ္စည်းတွေကို အိမ်နီးခြင်းနိုင်ငံက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းနဲ့ အရည်အသွေး မယှဉ်နိုင်တာကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှု နည်းတာဖြစ်ပါတယ်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၃၁ ခုရှိပြီး အမြတ်ရတဲ့ လုပ်ငန်းနည်းပါးကာ အဆိုပါလုပ်ငန်းတွေရဲ့ အသုံးစရိတ်ဟာ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ စီမံကိန်းတွေကို လေ့လာနေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောပါတယ်။

အစိုးရအနေနဲ့ ဒီဝန်ထုပ်ဝန်ပိုးတွေကို လျော့ချနိုင်ဖို့ဆို နိုင်ငံရေး စီးပွားရေးအရ စနစ်တကျ စဉ်းစားပြီး အမြန်ဆုံး လုပ်ဆောင်ဖို့ လိုတယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

Cre: bbc.com