Loading...
Loading...

ရှမ်းမြောက်တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာ၊ တံတားတစ်စင်း ထပ်မံဖျက်ဆီးခံရ

သိန်းနီ-ကွမ်းလုံ -ချင်းရွှေဟော် လမ်းပိုင်းက ၃၁ မိုင် နားတီး တံတားလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရဓာတ်ပုံ မူပိုင်KYILWINOO
Image captionသိန်းနီ-ကွမ်းလုံ -ချင်းရွှေဟော် လမ်းပိုင်းက ၃၁ မိုင် နားတီး တံတားလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရ

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အနီးမှာ ဒီကနေ့ သြဂုတ် ၂၈ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ တဲ့အတွက် ဒေသခံ ရွာသား ၅၀၀ နီးပါးလောက် ဘေးလွတ်ရာကို သွားရောက်တိမ်းရှောင်နေကြရ တယ်လို့ ဒေသခံတွေကပြောပါတယ်။

” မနက် ၆နာရီကျော်ကနေ ၈နာရီလောက်ထိကို တောက်လျှောက် ပစ်ခတ်သံတွေကြားနေရတာ။ အသံ တွေကတော့ တော်တော်လေးကျယ်တယ်။ ကြားထဲ ရပ်လိုက်၊ ပြန်ကြားလိုက်နဲ့ ၁၂ နာရီကျော်လောက်မှာတော့ ဗုံးသံလားမသိဘူး ၂ချက်ကြားပြီး နည်းနည်းငြိမ်သွား တယ်။ အရင်က တိုက်ပွဲတွေက ရွာပြင်တွေမှာပဲ၊ အခုကရွာထဲမှာဆိုတော့ နည်းနည်းတော့လန့်တယ်” လို့ နမ့်ပေါင်ရွာသူတစ်ဦးကကြုံတွေ့ခဲ့တဲ့အခြေအနေကို ဒီကနေ့ နေ့လယ် ၁နာရီ ဝန်းကျင်မှာ ဘီဘီစီကို ပြောပြပါတယ်။

ဒီကနေ့ မနက် နမ့်ပေါင်တိုက်နယ် ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ခလရ ၂၉၁ တပ်ကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာက ဖြစ်ပွားခဲ့တာလို့ ဒေသခံတချို့ကပြောပါတယ်။

 

ဒေသခံ ရွာသား ၅၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာကို သွားရောက်တိမ်းရှောင်နေကြရဓာတ်ပုံ မူပိုင်SAI SAY
Image captionဒေသခံ ရွာသား ၅၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာကို သွားရောက်တိမ်းရှောင်နေကြရ

” ပြည်သူလူထုအနေနဲ့ကတော့ အခုလို မျိုးရွာတွေထဲအထိတော့ မဖြစ်စေချင်ဘူးပေါ့။ ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲဗျာ အကုန်လုံးကတော့ အလုပ်တွေနားထားရတပေါ့”လို့ နမ့်ပေါင်ရွာအတွင်းမှာပါ တိုက်ပွဲတွေဖြစ်လာတာနဲ့ပတ်သက်ပြီး နမ့်ပေါင်ရွာခံ စိုင်းမောင်တစ် က ဘီဘီစီကိုပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအတွင်း ဂုတ်တွင်းတံတားအပါအဝင် သိန်းနီ -ကွမ်းလုံ – ချင်းရွှေဟော် လမ်းပိုင်းက တံတားတွေ ဖျက်ဆီးခံခဲ့ရပါတယ်။

မနေ့ သြဂုတ် ၂၇ရက်နေ့ညပိုင်းကလည်း သိန်းနီ-ကွမ်းလုံ -ချင်းရွှေဟော် လမ်းပိုင်းက ၃၁ မိုင် နားတီး တံတားလည်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

” သိန်းနီ လမ်းခွဲကနေ ၃၁မိုင် နားတီးရွာအထွက်က တံတား ကျိုးသွားတာ။ ဒီတံတားက သိန်းနီ – ကွမ်းလုံ -ဟိုပန် – ချင်းရွှေဟော် – လောက်ကိုင် ကို သွားတဲ့လမ်းပါ။ တံတားကျိုးသွားတော့ ကုန်သွယ်ရေးတွေ အကုန်ထိခိုက်ကုန်တာပေါ့။” လို့ သိန်းနီမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

သိန်းနီ- ကွမ်းလုံ -ချင်းရွှေဟော်လမ်းပိုင်းဟာ တရုတ် -မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

မူဆယ် ၁၀၅ မိုင်ကားကွင်းမှာ ကုန်ကားတွေ အဝင်အထွက်ပြန်ရှိနေဓာတ်ပုံ မူပိုင်AUNG THEIN OO
Image captionမူဆယ် ၁၀၅ မိုင်ကားကွင်းမှာ ကုန်ကားတွေ အဝင်အထွက်ပြန်ရှိနေ

နောက်ထပ် တရုတ် -မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြောင်းတစ်ခုဖြစ်တဲ့ လားရှိုး – ကွတ်ခိုင် -မူဆယ် လမ်းပိုင်းကတော့မနေ့ကသြဂုတ် ၂၇ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် ဒီကနေ့ သြဂုတ် ၂၈ ရက်နေ့မှာတော့ ပစ်ခတ်မှုတွေမရှိတော့ပဲ ကားတွေသွားလာလို့ ရနေပြီလို့ မူဆယ်ဒေသခံ ဦးသောင်းထွန်းကပြောပါတယ်။

” မနေ့က ညနေပိုင်းကစပြီး ကွတ်ခိုင်ကနေ မူဆယ်ကို ကားတွေ ပေးသွားတာ။ မူဆယ်ကို ည ၁၀နာရီ လောက်မှာ ကားတွေ ဝင်လာကြတယ်။ အခု ဒီမနက်လည်း အေးအေးဆေးဆေးပဲ ကားတွေ အဝင်အထွက် ရှိနေတယ်။ ၁၀၅ မိုင် ကားကွင်းမှာလည်း သွင်းကုန်/ပို့ကုန် ကားတွေအဝင်အထွက်ရှိနေပြီ” လို့ ဦးသောင်းထွန်းကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြားဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ သီတင်းပတ် ၂ပတ်နီးပါးကြာမြင့်လာပြီဖြစ်ပြီး ပြင်ဦးလွင်၊ သီပေါ၊ နောင်ချို၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်ရှိမှာ နမ့်ပေါင်တိုက်နယ် ကျေးရွာ အထိ တိုက်ပွဲတွေရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Cre: bbc.com