Loading...
Loading...

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု အယူခံ ရှုံးနိမ့် ၊ ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

လိပ်ကျွန်းလူသတ်မှု အယူခံအမှု ဗဟိုတရားရုံးက သေဒဏ်အတည်ပြုဓာတ်ပုံ မူပိုင်MLADEN ANTONOV
Image captionလိပ်ကျွန်းလူသတ်မှု အယူခံအမှု ဗဟိုတရားရုံးက သေဒဏ်အတည်ပြု

ထိုင်းနိုင်ငံ၊ ကော့သောင် လိပ်ကျွန်း လူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ရဲ့ နောက်ဆုံး အယူခံဟာ ဒီကနေ့ ထိုင်းဗဟိုတရားမှာ ရှုံးနိမ့်ခဲ့ပါတယ်။

” ကျွန်တော်တို့ ၂၀၁၇ ခုနှစ် ကော့စမွေတရားရုံးကချမှတ်ခဲ့တဲ့ သေဒဏ်ပြစ်ဒဏ်အတိုင်း အမိန့်ပြန်လည်ချမှတ် လိုက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အယူခံရှုံးတဲ့သဘောပေါ့။ အခုပဲရှေ့နေနဲ့ စကားပြောတယ် ထိုင်းဘုရင့်ထံကို အသနားခံစာတင်ဖို့ရှိတယ်။ အဲဒီလိုတင်ရင် ပြစ်ဒဏ်ကနေ ကွင်းလုံးမကျွတ်ပေမဲ့လည်း ပြစ်ဒဏ်ကိုလျော့ပေါ့တာဖြစ်နိုင်တယ်။” လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းဘုရင်ထံကို အသနားခံစာတင်ဖို့ ပြစ်ဒဏ်ချမှတ်ခံရသူ နှစ်ဦးနှင့် သူ့မိသားစုကိုယ်စား မြန်မာအစိုးရက တင်ပေးရမှာ ဖြစ်ပါတယ်။

လိပ်ကျွန်းက ဗြိတိသျှစုံတွဲနှစ်ဦး အသတ်ခံရမှုနဲ့ ပက်သက်ပြီး ဝင်းနဲ့ဇော်တို့အပေါ် တရားခံလိုစွပ်စွဲခဲ့တဲ့ အပေါ် ဗြိတိန်နဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားက ထိုင်းရဲတပ်ဖွဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ကြပါတယ်။

ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့က ဝင်းနဲ့ ဇော်တို့အပေါ် ဖိအားပေးကာ တရားခံလို ဝန်ခံခိုင်းတာ၊ သေဆုံးသူ အန်နာရဲ့ကိုယ်ပေါ်မှာတွေ့ရှိတဲ့ မျိုးရိုးဗီဇ နဲ့ စွပ်စွဲခံထားရသူတွေရဲ့ မျိုးရိုးဗီဇတွေ ထပ်တူမကျတာတွေ စတာတွေလည်း ကွဲလွဲမှုတွေရှိတယ်လို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်း မှာ ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲ နှစ်ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီလူသတ်မှုမှာ ကျူးလွန်သူတွေအဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမားလူငယ်နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မြို့နယ် တရားရုံးမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဒီသေဒဏ်နဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့ အမိန့်ကို ဆက်လက်အတည်ပြု ကြောင်း ချမှတ်ခဲ့ပြီး ထိုင်းဗဟိုတရားရုံးကို အခုလို နောက်ဆုံးအယူခံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အခုအယူခံတင်ထားတဲ့ တရားရုံးဟာ ထိုင်းနိုင်ငံမှာ အမြင့်ဆုံးတရားရုံးဖြစ်ပြီး ဒီတစ်ကြိမ် အယူခံဟာလည်း ဝင်းနဲ့ ဇော်တို့အတွက် နောက်ဆုံးအပြီးသတ် အယူခံဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုအပေါ် ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာသံရုံးကပါ လိုက်ပါကူညီဆောင်ရွက်နေကြပါတယ်။

ဒီအယူခံအမိန့်ကို သြဂုတ်လ ၂၉ ဒီမနက်မှာ နွန်သာဘူရီ တရားရုံးချုပ်က အမိန့်ချမှတ်တာဖြစ်ပါတယ်။

Cre: bbc.com