Loading...
Loading...

ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေးကျောင်းတွေကို လှူတာ နိုင်ငံတကာ ဖိအားနဲ့ မဆိုင်ဘူးလို့ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၅ ရက်နေ့မှာ နေပြည်တော် ပျဉ်းမနားမှာရှိတဲ့ ခရစ်ယာန် ဘာသာရေးကျောင်းနဲ့ အစ္စလမ် အာရဗီ အထက်တန်းကျောင်းတွေကို လှူဒါန်းခဲ့တာဟာ နိုင်ငံတကာက ဖိအားတွေနဲ့ မဆိုင်ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး တပ်မတော် ကြည်း၊ရေ၊လေ မိသားစုတွေက အလှူငွေ ကျပ်သိန်း ၃၀ အပါအဝင် ဆန်၊ ဆီ၊ဆား၊ ပဲတွေကို ပျဉ်းမနားမှာရှိတဲ့ ခရစ်ယာန်ဘာသာရေးကျောင်း ၁၁ ကျောင်း၊ အစ္စလမ် အာရဗီ အထက်တန်းကျောင်းနဲ့ ဗလီ ၁၃ ခုတို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် ပျဉ်းမနားက ဘာသာရေးကျောင်းတွေကို တပ်မတော်က သွားရောက်လှူဒါန်းတဲ့နေ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်တွေ ဘင်္ဂါလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ ၂ နှစ် ပြည့်နေ့နဲ့လည်း တိုက်ဆိုင်နေသလို အခုချိန်မှာ တပ်မတော်အပေါ် လူ့အခွင့်အရေးချို့ဖောက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ ဒါပေမဲ့လည်း ဒီလိုလှူဒါန်းတာဟာ အဲဒီ နိုင်ငံတကာဖိအားတွေနဲ့မဆိုင်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုတာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို သွားရောက်ခဲ့စဉ်ကလည်း အခုလို လှူဒါန်းထောက်ပံ့ခဲ့တာတွေ ရှိခဲ့ပါတယ်လို့လည်း သူက ပြောပါတယ်။

အခုလို လှူဒါန်းတာဟာ ဘာသာရေး ကိစ္စတွေ ဆောင်ရွက်တဲ့အခါ အထောက်အကူရစေဖို့နဲ့ တိုင်းရင်းသား၊နိုင်ငံသားအားလုံး တိုင်းပြည် အေးချမ်းဖွံ့ဖြိုးရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုတယ်လို့ လှူဒါန်းစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

အခုလို လှူဒါန်းတာ ဘာသာရေး ကိစ္စတွေ ဆောင်ရွက်တဲ့အခါ အထောက်အကူရစေဖို့လို့ဆိုဓာတ်ပုံ မူပိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image captionအခုလို လှူဒါန်းတာ ဘာသာရေး ကိစ္စတွေ ဆောင်ရွက်တဲ့အခါ အထောက်အကူရစေဖို့လို့ဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုလို လာရောက်လှူဒါန်းတာနဲ့ ပတ်သက်လို့ ဦးကျေး ဂျာမေ့ဗလီရဲ့ ဂေါပကအဖွဲ့ဝင် ဦးမြင့်ထွန်းဦးက “သူလာလှူတဲ့ အကြောင်းအရင်းကတော့ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ ဆွမ်းဆန်စိမ်း လှူသလိုပဲ ခရစ်ယာန်ကျောင်းနဲ့ ဗလီတွေကိုလည်း ဆွမ်းဆန်စိမ်းလှူတဲ့ သဘောမျိုးလှူတယ်လို့ သူပြောပါတယ်”လို့ ပြောပါတယ်။

“ကျွန်တော်တို့ တစ်သက်နဲ့ တစ်ကိုယ်တော့ မကြုံဖူးသေးဘူးလေ။ သက်တန်းတစ်လျှောက်လုံးမှာ ပထမဦးဆုံးပေါ့။ အားလုံးကတော့ ဝမ်းသာကြပါတယ်” လို့ ဦးမြင့်ထွန်းဦးက ပြောပါတယ်။

တပ်မတော် ကြည်း၊ရေ၊လေ မိသားစုနဲ့ အလှူရှင်တွေ စုပေါင်းပြီး ၁၉၉၆ ခုနှစ်ကစပြီး ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ ဘိုးဘွားရိပ်သာတွေကို နှစ်စဉ် ဝါတွင်းမှာ လှူနေကြဖြစ်တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Cre: bbc.com