Loading...
Loading...

ဖုန်းလှူလည်းလက်မခံ၊ကားလှူလည်း လက်မခံ ၊TV အောက်စက် အလှူလက်မခံသည့်ဆရာတော်

အမေ ကိုးကွယ်တာ ဒီလိုဆရာတော်မျိုး …

ကြည်ညိုပူဇော် တိပိဋက ယောဆရာတော်ဘုရား

ယောဆရာတော် သီတင်းသုံးတော်မူသည့် ကျောင်းဆောင်၌ အဲယားကွန်း (လေအေးစက်) လုံးဝ မထား။ တိုင်ကပ် လေပန်ကာ နှစ်လုံးသာရှိသည်။ ထိုလေပန်ကာကိုလည်း ယောဆရာတော် တစ်ပါးတည်း ရှိနေလျှင် ဖွင့်လေ့မရှိ။ ဆွမ်းအလှူရှင်များကို တရားဟောသည့် အချိန်မှသာ အလှူရှင် ဒကာ ဒကာမများအတွက် အဖွင့်ခိုင်းပြီး တရားဟောပြီး၍ အလှူရှင်များ ပြန်သွားချိန်တွင် ပိတ်လိုက်သည်။ အပူချိန်ပြင်းထန်သော နွေရာသီတွင် အလှူရှင် ဒကာ ဒကာမများက ယောဆရာတော် ကျောင်းဆောင်တွင် အဲယားကွန်း တပ်ဆင်လိုကြောင်း မကြာမကြာ လာရောက်လျှောက်ထားကြသည်။

ယောဆရာတော်မှ ” မလိုပါဘူးဗျာ၊ ဘုန်းကြီးဆိုတာ ဇိမ်ခံနေဖို့ မဟုတ်ဘူး၊ ဒီလောက်တော့ သည်းခံရမှာပေါ့၊ ငရဲအပူနှင့် ယှဉ်ကြည့်လိုက်ရင် ဒီအပူလေးက အသေးအဖွဲလေးပါ၊ဘာမှမပြောပလောက်ပါဘူး ” ဟု ပြော၍ ငြင်းပယ်လိုက်သည်။ တစ်ချိန်တွင် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဝေယျာဝစ္စ အတွင်းရေးမှူး ဦးသိန်းအောင်မှ နွေရာသီ အပူပြင်းထန်လွန်းသဖြင့် ယောဆရာတော်ခရီးကြွခိုက် ယောဆရာတော့်ကျောင်းဆောင်တွင် အဲယားကွန်း လာရောက်တပ်ဆင်လေသည်။ ယောဆရာတော်သည် ထိုအဲယားကွန်းကို တစ်ကြိမ်မျှ မဖွင့်ဘဲ နှစ်ပတ်လောက်အထိ အလှူရှင်ကျေနပ်ရုံ ထား၍ အဖြုတ်ခိုင်းတော့သည်။

ကားလှူသည်ကို လက်မခံ..

ယောဆရာတော် တရားဟောကြွခြင်း စသော သာသနာပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒကာ ဒကာမများက တန်ဖိုးကြီးသောကားတစ်စီး လှူဒါန်းလိုကြောင်း လာရောက်လျှောက်ထားကြရာ ” ယခုလို လာရောက်လျှောက်ထားကြသည်ကို ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ ယခင်ကလည်း ယခုကဲ့သို့ လာရောက်လျှောက်ထားကြသည်မှာ နှစ်ဦး ရှိခဲ့ဖူးကြောင်း၊ ဘုန်းကြီးအိုကြီးမှာ တရားပွဲစသည့် ကြွစရာကိစ္စများရှိလျှင် အမြဲကြိုပို့လုပ်ဆောင် ပေးနေသည့်ဒကာများ ရှိကြောင်း ” ရှင်းပြကာ လက်မခံဘဲ ငြင်းပယ်လိုက်လေသည်။

နိုင်ငံတော်အစိုးရကလည်း တန်ဖိုးကြီးသော ကားတစ်စီးလှူဒါန်းလိုကြောင်း လျှောက်ထားရာ ယောဆရာတော်သည်လက်မခံဘဲ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

တယ်လီဖုန်းလှူသည်ကို လက်မခံ..

ယောဆရာတော်သည် တယ်လီဖုန်းကို ထားလည်းမထား၊ ကိုင်လည်းမကိုင်၊ ကိုယ်ကလည်း သူများထံ လုံးဝမဆက်၊သူများထံမှ ဆက်လာလျှင်လည်း လုံးဝမကိုင်၊ ကိစ္စအထူးရှိပါက တပည့်များကို ဖုန်းဆက်ခိုင်းသည်။

တရားပွဲ ပင့်လျှောက်ရာ၌ဖြစ်စေ၊ တယ်လီဖုန်းဆက်၍ ပင့်လျှောက်ပါကလက်မခံရန် တပည့်သံဃာများကို မိန့်ကြားထားသည်။ လွန်ခဲ့သည့် ၁၆နှစ်လောက်က လက်ကိုင်ဖုန်းကို တော်ရုံတန်ရုံလူ မကိုင်နိုင်သည့် အချိန်၊ ဆယ်လူလာဖုန်း တစ်လုံးလျှင်ကျပ် သိန်း၄၀ ပေးဝယ်ရသည့်အချိန်တွင် ကမ္ဘာအေး မဟာပါသဏ လိုဏ်ဂူ၌ သူဌေးအလှူရှင်များက တိပိဋက ဩဝါဒစရိယ ဆရာတော်ကြီး ၁၀ပါးကို တစ်ပါးလျှင် တစ်လီဖုန်းတစ်လုံးစီ လှူဒါန်းရာ ယောဆရာတော်မှ ” ဘုန်းကြီးကတယ်လီဖုန်း လုံးဝ မကိုင်ဘူးဗျ၊ လိုအပ်တဲ့နေရာကိုသာ လှူလိုက်ကြ ” ဟု အမိန့်ရှိ၍ လက်မခံဘဲ ငြင်းပယ်လိုက်သည်။

ထိုအခါ အနီးနားက ဆရာတော်တစ်ပါးက ” ဦးသိရိန်၊ သိန်း ၄၀ တောင် တန်တာ၊ ယူထားလိုက်ပါ၊ ကိုယ်မလိုတော့လည်း တပည့်တွေကို ပေးရတာပေါ့ ” ဟု ဆက်လက်တိုက်တွန်းသော်လည်း လက်မခံခဲ့ချေ။

တီဗွီစက် လက်မခံ..

တစ်ချိန်တွင် ဒကာ ဒကာမမိသားစုများ ယောဆရာတော်ထံ ရောက်လာ၍ ” ဆရာတော်ဘုရား၊ ဥပုသ်နေ့ အားလပ်သည့်အချိန်တွင် ဦးပဉ္စင်းကိုရင်များ မျက်စိပွင့် နားပွင့် ကြည့်ရှုနိုင်ရန် တီဗွီစလောင်း လှူဒါန်းချင်ပါတယ်ဘုရား ” ဟုလျှောက်ရာ ယောဆရာတော်က ” ဒို့ကျောင်းမှာ တီဗွီအလုံးပေါင်း ၁၈၀ကျော် ရှိကြောင်း၊ နံနက် ညဥ့် ဘုရားဝတ်တက်ပြီးတိုင်း တစ်ပါးလျှင်တစ်လုံး ဖွင့်ကြည့်ခိုင်းကြောင်း ” မိန့်တော်မူလေသည်။

ထိုအခါ ဒကာ ဒကာမများက ” များလှချည်လားဘုရား၊ တပည့်တော်တို့က ဆရာတော့်ကျောင်းမှာတီဗွီ မရှိဘူးထင်နေတာ ” ဟု လျှောက်ရာ ” များတယ်ဗျ၊ တီဗွီဆိုတာ ခန္ဓာအရှိကို ဉာဏ်နဲ့မြင်အောင် ကြည့်ရှုသုံးသပ် ဆုံးဖြတ်ရတဲ့ ခန္ဓာတီဗွီကို ပြောတာ၊ အာရုံနောက်စရာ သမာဓိပျက်စရာ ရုပ်မြင်သံကြား တီဗွီစက်ကတော့ တစ်ကျောင်းတိုက်လုံး တစ်လုံးမှ မရှိပါဘူး၊ ထားခွင့်လည်းမပြုပါဘူး ” ဟု မိန့်တော်မူကာ လက်မခံပေ။

ယောဆရာတော်သည် တပည့်ပရိသတ်များကို ဘုရားဝတ်တက်ပြီးတိုင်း နေ့စဉ် တရားဘာဝနာ ရှုမှတ်ခိုင်းသည်။ ခန္ဓာတီဗွီ ရုပ်မြင်နာမ်ကြားစက်ကြီးကို ဖွင့်ကြည့်ခိုင်းသည်။ ဝင်လေ ထွက်လေ ရှုမှတ်ခိုင်းသည်။ မေတ္တာဘာဝနာ ပွားများခိုင်းသည်။ တီဗွီရုပ်မြင်သံကြားစက်တို့ အောက်စက်တို့ကိုတော့ တစ်ကျောင်းတိုက်လုံး မည်သူမျှမထားရ။ စစ်ဆေးတွေ့ရှိပါက လက်ဝယ်ထားသူရော ကြည့်ရှုသူပါ ချက်ချင်းကျောင်းတိုက်မှ နှင်လိုက်တော့သည်။

စာသင်သားများအတွက် သမာဓိအားကောင်းမှသာ စာကျက်ရတာ တွင်၍ ရထားပြီးသောစာကိုလည်း မေ့ပျောက်ခြင်း မရှိအောင် ထိန်းထားနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သမာဓိ ပျက်စေနိုင်သည့်တီဗွီ၊ အောက်စက် ကြည့်ရှုနားထောင်ခြင်း လက်ဝယ် ထားရှိခြင်းကို လုံးဝ ခွင့်မပြုပေ …………. ။

တိပိဋက ယောဆရာတော်၏ ဘဝဖြစ်စဉ် ကြောင်းကျိုးထင်.. မှ။ အရှင်ပညာတိက္ခ (ယော) ။

ခရက်ဒစ်– ZN.H 🇦🇺

Zarni Tike ဖေ့စဘွတ်မှ ကူယူဖော်ပြပါသည်။

Cre: latestmyanmarnews.com